စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၄)အကြီးစားစက်ရုံ ကြည့်ရှုစစ်ဆေး

Tue, 11/15/2016 - 10:25 -- Myat Thee

နေပြည်တော် နိုဝင်ဘာ ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၄)အကြီးစားစက်ရုံသို့ ရောက်ရှိပြီး Machine Shop ၌ Engine ထုတ်လုပ်နေမှုများကိုစစ်ဆေး၍ Crankshaft, Engine Block နှင့် အစိတ်အပိုင်းများ ထုတ်လုပ်ထားရှိမှု Assembly and Testing Shop ရှိ  Engine Testing Room ၌ထုတ်လုပ်ပြီး Double Cab Engine များ စမ်းသပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် ယခု ထုတ်လုပ်လျက်ရှိသည့် အင်ဂျင်များအပြင် ဈေးကွက်၌ အသုံးများသည့် အင်ဂျင်များထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ နည်းပညာရပ်များသည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသဖြင့် အစဉ်အမြဲ လေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ ဆီစားနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်သောအင်ဂျင်ဒီဇိုင်းနှင့် နည်းပညာများရရှိရေး ပြည်ပမှအတတ်ပညာနှင့် အရင်းအနှီး ရှိသောကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အင်ဂျင်နီယာများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (Standard Operating Procedure) များကို တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ စက်ရုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးမြှင့်တင်သွားရမည် ဖြစ်ကြောင်း၊ စက်ရုံမှထုတ်လုပ်လျက်ရှိသော အင်ဂျင်အမျိုးမျိုး၏ စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော အင်ဂျင်နီယာများနှင့် Academic နယ်ပယ်မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိသော ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း မှာကြားသည်။

အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)အနေဖြင့် မီးရထားစက်ခေါင်းတွဲကြီးများတွင် အသုံးပြုသည့် 16 V 170 ZC အင်ဂျင်ကြီးများ၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ မီးရထားရှန်တိန်ခေါင်းတွဲများနှင့် ရေယာဉ်ကြီးများတွင် အသုံးပြုသည့် 12 V 128 ZC  အင်ဂျင်များ၊ အကြီးစားကုန်တင်ယာဉ်များ၊ ဘတ်စ်ကားများ၊ ရေယာဉ်ငယ်များ၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်/ယန္တရားများ၊ ကျောက်ခွဲစက်များနှင့် တွင်းတူးစက်များတွင် အသုံးပြုသည့် 6V 128 ZC  နှင့် 8V 128 ZC အင်ဂျင်များကို ထုတ်လုပ်ပေးလျက်ရှိပြီး ဈေးကွက်ဝင်ဆန့်သောအင်ဂျင်အသစ်များ၊ ဆီစားသက်သာစေမည့် ဆန်းသစ်တီထွင်မှုများ၊ စွမ်းဆောင်ရည်မြင့်မားသော လောင်စာပံ့ပိုးမှုများကို စနစ်တကျသုတေသနပြုလုပ်သွားရန် စီမံချက်များ ချမှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Source: The Mirror Daily