စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတက်ရောက်

Mon, 04/04/2016 - 18:20 -- Myat Thee

နေပြည်တော်၊ ဧပြီ (၄)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက် နေ့တွင် ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
    ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)စီမံချက်သာမက Phase(2)နှင့် Phase(3) စသည်ဖြင့် အဆင့်များခွဲခြား၍ Time Frame နှင့်တကွ (၆)လစာ၊ (၁)နှစ်စာ လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ယင်းစီမံချက်များအပေါ်အခြေခံ၍ တက်ရောက်လာသူများမှ ဝိုင်းဝန်ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ရက်(၁၀၀)စီမံချက်ချမှတ်ရာတွင် ပြည်သူလူထုအပေါ် အများဆုံးအကျိုး ကျေးဇူးသက်ရောက်စေမည့် Strategic Action များကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ယုံသာမက နိုင်ငံပိုင်စက်မှု လုပ်ငန်းများ၏ အခြေအနေမှန်ကို အမြန်ဆုံးပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ သုံးသပ်ချက်အစီရင်ခံစာအရ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းစဉ်များကို စနစ်တကျ Action Plan များ ချမှတ်ပြီး ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် နိုင်ငံပိုင်လုပ်ငန်းများကို အမြန်ဆုံးပြုပြင် ပြောင်းလဲမှုလုပ်ငန်းအစီအမံများလည်း ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်အဟန့်အတား ဖြစ်နေသော လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံးဖြေလျော့သွားရန်နှင့် လုပ်သာကိုင်သာ ရှိမည့် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးရန် လိုအပ်သည့် မူဝါဒ ချမှတ်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    အဆိုပါညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ လက်တလောဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရန်အတွက် ထုတ်ကုန် များ သတ်မှတ်အရည်အသွေးပြည့်မီရမည့်အပြင် ဈေးကွက်သုတေသနများ ဆောင်ရွက် ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ယုံသာမက မိမိတို့၏ ထုတ်ကုန်များကို အများပြည်သူသိရှိအောင် ဈေးကွက်မြှင့်တင်ရေး (Market Promotion)နှင့် ဈေးကွက်သုတေသန(Market Research) ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများကိုလည်း သုံးစွဲသူများ လွယ်လင့်တကူဝယ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ထားရှိရန် လိုကြောင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ကျွမ်းကျင်လုပ်သား များ မွေးထုတ်ပေးရေးနှင့် ထုတ်လုပ်မှုနည်းပညာများ လွှဲပြောင်းပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်လာနိုင်စေရန် အတွက် လိုအပ်သည့် နည်းပညာများရရှိစေရေးနှင့် ဈေးကွက်နှင့်ချိတ်ဆက်နိုင်ရန် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် မိမိထုတ်ကုန်များ ဈေးကွက်ရရှိရေး အတွက် Promotion များ ပြုလုပ်ရန်လိုကြောင်း၊ စက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျအစီအမံများ ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ချက်များ၏ တိုးတက်မှု နှင့် ထိရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် Monitoring and Evaluation System ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ ပြည်သူလူထု၏ တုံ့ပြန်သံကိုနားထောင်ပြီး ပြည်သူများအကြိုက် အကောင်းဆုံးဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စားသုံး သူသာအမှန်တရားဖြစ်သည်ဆိုသည့် သဘောတရားကို လက်ကိုင်ပြုရမှာ ဖြစ်ကြောင်း ထုတ်ကုန်များ၏ ဈေးနှုန်းကိုလည်း သင့်တင့်မျှတအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးအား (၁၈:၀၀)နာရီတွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။