စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် သုတေသနဌာနတို့အား ကြည့်ရှုစစ်ဆေး

Tue, 04/26/2016 - 09:59 -- Myat Thee

နေပြည်တော်၊ ဧပြီ (၂၅)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဆေးဝါး စက်ရုံခွဲ(ရွာသာကြီး)သို့ ရောက်ရှိပြီး Seed Culture Room, Fermentation Room, Cell disruption Room, Cold Room, Purification Room, Vival Washing Room, Rubber Stopper Washing Room, Labelling and Packaging Room, Inspection Machine Room, Cold Storage နှင့် Micro-biology Laboratory တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံခွဲတာဝန်ခံက စက်ရုံတည်ဆောက်ရသည့် ရည်ရွယ်ချက်၊ စက်ရုံ နောက်ခံသမိုင်းအကျဉ်း၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဝန်ထမ်းအင်အားအခြေအနေ၊ ကုန်ထုတ်လုပ်မှု စက်များ တပ်ဆင် ထားရှိမှုအခြေအနေ၊ ဘဏ္ဍာရေးနှစ် အလိုက် ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ၊ စက်ရုံ အဆောက်အဦနှင့် စက်ပစ္စည်းများအား GMP နှင့်အညီ ပြုပြင်ခဲ့သည့်အခြေအနေ၊ ဈေးကွက်တိုးချဲ့မှု အခြေအနေ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် အနာဂတ်တွင် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေး ထုတ်လုပ်မှုအခြေ အနေနှင့် ထုတ်လုပ်သည့်ဆေးဝါးများ၏ အကျိုး အာနိသင်ရှိမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး Media များမှတစ်ဆင့် အသိပေးရန်လိုကြောင်း၊ ယနေ့ အချိန်အခါသည် ပုဂ္ဂလိကထုတ်ပစ္စည်းနှင့် အစိုးရမှ ထုတ်လုပ်သည့်ပစ္စည်းများ ယှဉ်ပြိုင် ရောင်းချနေရ၍ ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီသည့် ဆေးဝါးများ ထုတ်လုပ်ရောင်းချနိုင်ရေး အမြဲတစေ ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံမှ အမြတ် များများရပါက စက်ရုံအတွက် လိုအပ်သည့်စက်များ ထပ်မံဝယ်ယူ တပ်ဆင်နိုင် မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် BPI မှ ထုတ်လုပ်သည့် ဆေးဝါးများကို ယုံကြည်လက်ခံ ပြီးဖြစ်၍ အရည်အသွေးကို ထိန်းထားရန်လိုကြောင်း၊ အမြတ်နည်းနည်းသာယူပြီး များများ ထုတ်လုပ်ရန် လိုကြောင်း၊ စက်ရုံအနေဖြင့် New Product ထုတ်လုပ်နိုင်ရန် တီထွင်စမ်းသပ်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အသည်းရောင် အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးထုတ်လုပ်သည့် နည်းပညာများ မိမိလက်ဝယ်တွင်ပိုင်ဆိုင် ထားပြီး၍ နည်းပညာများကို လက်ဆင့်ကမ်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ပသို့ ပညာတော်သင်သွားရောက်ပြီး ပြန်လာလျှင် Report တင်ပြရန်နှင့် ကျန်ဝန်ထမ်းများကို ဆင့်ပွား သင်တန်းများပေးရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တက်တက် ကြွကြွနှင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေး ခန်းမ၌ စက်ရုံမှူးက စက်ရုံတည်နေရာနှင့် အကျယ်အဝန်း၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ စက်ရုံတည်ဆောက်ရသည့် ရည်ရွယ်ချက်၊ စက်ရုံမှ ထုတ်လုပ်နိုင်သည့် ဆေးဝါးအမျိုးအစားများ၊ နှစ်အလိုက် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူး ရောင်းချနိုင်မှု အခြေအနေ၊ ယခုနှစ်တွင် ကုန်ထုတ်လုပ်မှု ဆောင်ရွက် မည့်အခြေအနေ၊ ကုန်ကြမ်း လက်ကျန် အခြေအနေ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ Water Treatment and Pharmaceutical water Processing, Clean Room H Vac System ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ ဆေးဝါးထုတ်လုပ်ရာတွင် အရည်အသွေးအာမခံနိုင်ရေးအတွက် စစ်ဆေးခြင်းများ ဆောင်ရွက်မှု အခြေအနေ၊ Tablet, Capsule, Liquid and Powder နှင့် မြင်းနှင့်သိုးသွေးရည်ကြည်မှ တစ်ဆင့် မြွေဆိပ်ဖြေဆေးထုတ်ပုံ အဆင့်ဆင့် ကိုလည်းကောင်း၊ Small and Large Volume Injection Solutions ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် ဆေးဝါးကုန်ကြမ်း စိုက်ကွင်းအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကနှင့်ယှဉ်ပြိုင် ရောင်းချရမည်ဖြစ်၍ ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်သည့် ဆေးဝါးများ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည်များကို ပြည်သူများသိရှိစေရန် Sunday Talk ကဲ့သို့ အစီအစဉ် များ ပြုလုပ်ရန်လိုကြောင်း၊ တည်ဆောက်ပြီးစီး ပြီးဖြစ်သည့် Warehouse အတွင်းသို့ ကုန်ကြမ်း၊ ကုန်ချောများအား ဖွင့်ပွဲမတိုင်မီ အပြီး ပြောင်းရွှေ့ ထားရန်လိုကြောင်း၊ မိမိစက်ရုံမှ ထုတ်လုပ်သည့်ဆေးများအား ပြည်သူများသိရှိသုံးစွဲရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာရပ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များကို ပြည်သူက စောင့်ကြည့်၍ အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများကို နီပေါနိုင်ငံသို့ ရောင်းချရန် WHO မှ ကမ်းလှမ်းထားကြောင်း သိရှိရသည့်အတွက် မြွေဆိပ်ဖြေဆေးများကို မိမိတို့နိုင်ငံ လိုအပ်ချက်ထက် ကျော်လွန် အောင် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ ထုတ်လုပ်သည့် ဆေးဝါးများသည် အရည် အသွေးကောင်းမွန်သော်လည်း တံဆိပ်နှင့် Packaging အပိုင်းတို့ပြုပြင်ရမည်ဖြစ်ကြောင်း၊ သို့မှသာပြည်သူများ အား ဆွဲဆောင်မှုရှိမည်ဖြစ် ကြောင်း၊ မိမိတို့စက်ရုံ၏ အဓိက Customer သည် ကျန်းမာရေးဝန်ကြီးဌာနဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးများသည့် ဆေးဝါးများထုတ်လုပ်နိုင်ရန် အရေးကြီး ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ရိုးရိုးသားသားဖြင့် အဂတိကင်းအောင် ဆောင်ရွက် ကြရန် လိုကြောင်း၊ ဈေးကွက်အား အမြဲမပြတ်စောင့်ကြည့်ရန်နှင့် ဈေးကွက်သုတေသနပြုလုပ်၍ ဈေးကွက် လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်လာ စေရန် Project များ သတ်မှတ်၍ Research များ ပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင် ဆေးဝါးလုပ်ငန်းမှ အငြိမ်းစားပညာရှင်များ၏ အကြံဉာဏ်များလည်း ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ နည်းပညာများကိုလည်း Upgrade ပြုလုပ်ရန်လိုကြောင်း၊ နိုင်ငံတော်စရိတ်ဖြင့် ပညာဆက်လက်သင်ယူခဲ့သည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ကို ပြန်လည် အလုပ်အကျွေးပြုရန်လိုကြောင်း၊ BPI မှ ထုတ်လုပ်သည့် ဆေးဝါးများ ယခု ထက်ပိုမိုရောင်းချနိုင်စေရန် Label များနှင့် ထုပ်ပိုးခွံဒီဇိုင်းများ ပြုပြင်ရန် လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Small Volume Parenterals unit ရှိ Ampoules Filling Room, Printing and Packaging Section, Inspection Room, Demin & Distilled Water Collection, Ampoules Washing Room, Sanke Anti-Venom Production Center ရှိ Control Room, Labelling & Secondary Packing Room, Reaction Tank, Clean Room Area တို့အားလည်း ကောင်း၊ Automated Warehouse for Pharmaceutical Factory, Cephalosporing Production Plant Project တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနသို့ ရောက်ရှိပြီး ဌာနတာဝန်ခံက သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြဲတစေ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ Research မပြုလုပ်ထားလျှင် စနစ်တကျ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ Research ပြုလုပ်ရာတွင် ထိရောက် သည့် အကျိုးရလဒ်များ ရရှိလာသည်အထိ လုပ်ဆောင်ရန်လိုသလို ပညာရှင်များကိုလည်း အသိအမှတ်ပြုရ မည်ဖြစ်ကြောင်း၊ နည်းပညာ များမြှင့်တင်ရန် အတွေးအခေါ်ပညာနှင့် Research များပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သုတေသနဌာနတွင် သုတေသနပြု လုပ်ရန်နှင့် ဓာတ်ခွဲစမ်းသပ်ရန် တပ်ဆင်ထားသည့်စက်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လုပ်ငန်းလမ်းညွှန် အဖြစ် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI Webportal