စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဝန်ထမ်းများနှင့် တွေ့ဆုံသည့် အခမ်းအနားသို့တက်ရောက်

Mon, 04/04/2016 - 18:12 -- Myat Thee

နေပြည်တော်၊ ဧပြီ (၄)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၌ ဝန်ထမ်းများနှင့် တွေ့ဆုံ သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
    အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသူများဖြစ်၍ အမြဲတမ်းစိတ်ဓာတ်တက်ကြွ နေစေရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန်အတွက် သက်ဆိုင်ရာဌာနအကြီးအမှူးများမှ အစဉ်အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနအကြီးအမှူးများအနေဖြင့် ဝန်ထမ်းများ၏ အသံကို အမြဲနားစွင့်နေရန်လိုကြောင်း၊ သို့မှသာ ဝန်ထမ်းများ၏ အခက်အခဲများကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်မူဝါဒများအရ စက်မှုဝန်ကြီးဌာနသည် အရှုံးပေါ်နေသော ဌာနတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ အမြတ်အစွန်းရရှိသော ဌာနတစ်ခုဖြစ်စေရန်အတွက် လိုအပ်သောမူဝါဒများကို ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းများအနေဖြင့် ချမှတ်ပေးလိုက် သော  မူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် အစဉ်နိုးကြားတက်ကြွနေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တစ်ခုချင်းစီအလိုက် ပြန်လည်ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

editor