စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ)၊ အမှတ်(၁၅) အကြီးစားစက်ရုံ(သာဂရ)နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့အား ကြည့်ရှုစစ်ဆေး

Wed, 08/24/2016 - 09:45 -- Myat Thee

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ)သို့ ရောက်ရှိပြီး Machine Shop တွင် Engine ထုတ်လုပ်နေမှုများအား စစ်ဆေး၍ Crankshaft, Engine Block နှင့် အစိတ်အပိုင်းများ ထုတ်လုပ်နေမှု၊ ထုတ်လုပ်ပြီးရောင်းချရန်အသင့်ဖြစ်နေသည့် Engine များ စမ်းသပ်နေမှုကို လည်းကောင်း၊ Assembly and Testing Shop ရှိ Engine Testing Room တွင် ထုတ်လုပ်ပြီး Engine များ စမ်းသပ်နေမှုကိုလည်းကောင်း၊ Heat Treatment & Welding Shop တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် ယခုထုတ်လုပ်လျက်ရှိသည့် အင်ဂျင်များအပြင် ဈေးကွက်တွင် အသုံးများသည့် အင်ဂျင်များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်လေ့လာရေးအဖွဲ့များ ဖွဲ့စည်း၍ ဈေးကွက်သုတေသနပြုလုပ်ရန်လိုကြောင်း၊ နည်းပညာရပ်များသည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသဖြင့် အစဉ်အမြဲ လေ့လာသင်ယူရမည် ဖြစ်ကြောင်း၊ မိမိတို့ထုတ်ကုန်များသည် အရည်အသွေးကောင်းမွန်ရမည့်အပြင် ဈေးနှုန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါ ယှဉ်ပြိုင်နိုင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည် ရပ်တည် ရှင်သန်လည်ပတ်နိုင်ရေးအတွက် တက်တက်ကြွကြွဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ)အနေဖြင့် မီးရထားခေါင်းတွဲကြီးများတွင် အသုံးပြုသည့် 16 V 170 Zc အင်ဂျင်ကြီးများ၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ မီးရထားရှန်တိန်ခေါင်းတွဲများနှင့် ရေယာဉ်ကြီးများတွင် အသုံးပြုသည့် 12 V 128 Zc အင်ဂျင်များ၊ အကြီးစားကုန်တင်ယာဉ်များ၊ ဘတ်စ်ကားများ၊ ရေယာဉ် ငယ်များ၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်/ယန္တရားများ၊ ကျောက်ခွဲစက်များနှင့် တွင်းတူးစက်များတွင် အသုံးပြုသည့် 6 V 128 Zc နှင့် 8 V 128 Zc အင်ဂျင်များကို ထုတ်လုပ်ပေးလျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) သို့ ရောက်ရှိပြီး စက်ရုံမှ ထုတ်လုပ်ထားရှိသည့် လူသုံးကုန်စတီးလ်အမျိုးမျိုးကို လည်းကောင်း၊ Turbine ၊ Generator နှင့် Mini Hydro Turbine များကို လည်းကောင်း၊ ဂါလံ(၄၀ဝ၀)ဆန့် ဆီသိုလှောင်ကန်ပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့စက်ရုံမှ ထုတ်လုပ်သည့် အမယ်သစ်ပစ္စည်းများအား သုံးစွဲသူပြည်သူများ သိရှိနိုင်ရေးအတွက် Media များ အသုံးပြု၍ ကြော်ငြာရန်လိုကြောင်း၊ မိမိစက်ရုံမှ ထုတ်လုပ်သည့် ပစ္စည်းများအား သုံးစွဲသူများ ယုံယုံကြည်ကြည်ဖြင့် သုံးစွဲနိုင်ရေး အာမခံနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကို မျက်ခြေမပျက်စောင့်ကြည့်၍ ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ) သို့ ရောက်ရှိပြီး Metal Forming Workshop ၌ CNC Cutter ဖြင့် ပုံဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြင်ပလုပ်ငန်းရှင်များမှ လုပ်ငန်းများလာရောက် အပ်နှံဆောင်ရွက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလိုအပ်ချက် များကို လမ်းညွှန်မှာကြားဖြည့်ဆည်ဆောင်ရွက်ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စစ်တောင်းမြစ်မှ သာဂရစက်မှုနယ်မြေသို့ ရေပေးဝေလျက်ရှိသော ချောင်းကျိုးကျေးရွာတွင် တည်ရှိသည့် Pontoon သို့ သွားရောက်ပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာ သည့်အတွက် ရေပေးဝေသည့် ရေပိုက်လိုင်းတွင် တပ်ဆင်ထားသည့် Non Return Valve ကျိုးပြတ်သည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နောင်တွင် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် နှင့် သာဂရစက်မှုနယ်မြေရှိ စက်ရုံများ ရေပြတ်လပ်မှုမရှိစေရေးအတွက် တပ်ဆင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။