စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို Nilar Pulp & Paper Co., Ltd. နှင့် Sumitomo Mitsui Banking Corporation (SMBC) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

Mon, 06/13/2016 - 16:02 -- Myat Thee

နေပြည်တော် ဇွန် ၁၃

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား Nilar Pulp & Paper Co., Ltd. မှ Managing Director ဖြစ်သူ ဦးတင်မြင့်နီ ဦးဆောင်သော ကိုယ်စားလှယ်သည် ယနေ့နံနက်(၁၀:ဝ၀)နာရီတွင် လည်းကောင်း၊ Sumitomo Mitsui Banking Corporation (SMBC) မှ General Manager ဖြစ်သူ Mr. Nobuyasu Akagi ဦးဆောင်သော ကိုယ်စားလှယ်သည် နေ့လည်(၁၃:ဝ၀)နာရီတွင် လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။

Nilar Pulp & Paper Co., Ltd. နှင့် တွေ့ဆုံရာတွင် စက္ကူစက်ရုံသစ်တည်ဆောက်လည်ပတ်နိုင်ရေး၊ လက်ရှိ အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း)ကိုလည်း စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ဂျပန်နိုင်ငံမှ (SMBC) နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ SMEs ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ SMEs Center ၊ ပုဂ္ဂလိကငွေကြေးအဖွဲ့အစည်းများနှင့် CB Bank တို့ ပူးပေါင်း၍ အလားအလာရှိသော SMEs လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ငွေချေးပေးနိုင်ရေး၊ ချေးငွေရယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို SMEs လုပ်ငန်းရှင်များမှ သိရှိနားလည်နိုင်ရေးအတွက် Seminar များ ပြုလုပ်ကျင်းပနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်