စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)အတွင်း အောင်မြင်ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 04/01/2016 - 17:42 -- Myat Thee

နေပြည်တော် ၂၀၁၆ ခုနှစ် ဧပြီလ(၁) ရက်

စက်မှုဝန်ကြီးဌာနအနေဖြင့် ရက်ပေါင်း(၁၀၀)အတွင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၁.၄.၂၀၁၆ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ ဦးစီး၍ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံပိုင်စက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် စီမံကိန်းလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အစီအမံများ၊ ပုဂ္ဂလိကစက်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပံ့ပိုးဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မူဝါဒဆိုင်ရာ ညှိနှိုင်းဖြေလျော့ ပေးရမည့် လုပ်ငန်းစဉ်များ၊ ပြဋ္ဌာန်းပြီးဥပဒေများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ ကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းအလိုက် ရေရှည်အောင်မြင်မှုရှိစေရန် စောင့်ကြည့်စစ်ဆေးမည့် Monitoring System နှင့် ဈေးကွက်သုတေသနပြုလုပ်မည့် Business Development Team နှင့် ထုတ်ကုန်အလိုက်စမ်းသပ်စစ်ဆေးအတည်ပြုချက်များ ထုတ်ပေးနိုင်မည့် Accreditation Body များဖွဲ့စည်း၍ စက်မှုဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုဆောင်ရွက်နိုင်မည့်အပေါ် သုံးသပ် ဆွေးနွေးအကြံပြုခဲ့ပါသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများရွေးချယ် သတ်မှတ်ခြင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း Time Frame အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ အတည်ပြုခြင်းဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ၄.၄.၂၀၁၆ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။

editor