ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

Wed, 11/16/2016 - 14:16 -- Myat Thee

နေပြည်တော် နိုဝင်ဘာ ၁၅

          စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုအား US-ASEAN Business Council မှ President & CEO ဖြစ်သူ Mr. Alexander Feldman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့နံနက် ၉ နာရီတွင်လည်းကောင်း၊Japan-Myanmar Association မှ Chairman ဖြစ်သူ Mr. Hideo Watanabe ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ နံနက် ၁၁နာရီတွင်လည်းကောင်း ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့သည်။

          US-ASEAN Business Council ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် နိုင်ငံပိုင်စက်ရုံများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများ ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး စသည့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများအပြင် စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် စက်မှုသက်မွေးပညာသင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် စက်မှုကဏ္ဍ ဖွံ့ ဖြိုးရေးဆိုင်ရာ မူဝါဒရေးရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

          Japan-Myanmar Association ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသုံးစက်ပစ္စည်းကိရိယာများနှင့် Component Parts များ ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး Japan-Myanmar နှစ်နိုင်ငံပူးပေါင်း၍ စက်မှုသက်မွေးပညာသင်တန်းကျောင်းသစ်တစ်ခု ဖွင့်လှစ်ထူထောင်နိုင်ရေး သက်မွေးပညာသင်တန်းကျောင်းများ (TVET) များတွင် On The Job Training များပေးနိုင်ရေးအတွက် Internship Program များဆောင်ရွက်သွားနိုင်ရေး၊ မော်တော်ယာဉ် စစ်ဆေးသည့် ခေတ်မီနည်းပညာများ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များနှင့် ဂျပန်နိုင်ငံ၏SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများနှင့် မူဝါဒဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

(သတင်းစဉ်)