ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဝန်ထမ်း အိမ်ရာများကို ကြည့်ရှု စစ်ဆေး

Mon, 05/30/2016 - 10:18 -- Myat Thee

နေပြည်တော်၊မေ ၂၉

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မေ (၂၈)ရက် ညနေပိုင်း၌ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်ရှိ ချယ်ရီအိမ်ရာ၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်ရှိ ကံ့ကော်အိမ်ရာနှင့် (၂၉)ရက်နေ့ နေ့လည်ပိုင်း၌ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ ပိတောက်အိမ်ရာ၊ သဇင်(၃)နှင့် (၄) အမျိုးသမီးဆောင်၊ စက်မှု ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နေထိုင်သည့် အိမ်ယာများသို့ သွားရောက်၍ သီးပင်/စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ အဆောက်အဦနှင့် အဆောက်အဦ ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အိမ်ရာများအတွင်း ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိသည့် အခြေအနေ၊ လျှပ်စစ်နှင့်ရေ သုံးစွဲမှု အခြေအနေ ၊ ရေဆိုးနှင့်ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်း ပေးခဲ့သည်။

  

လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မိမိနေထိုင်သည့် အိမ်ရာများကို မိမိအိမ်ကဲ့သို့ သဘောထား၍ စည်းကမ်းရှိစွာဖြင့် သန့်သန့်ရှင်းရှင်း ထိန်းသိမ်းနေထိုင်ကြစေ လိုကြောင်း၊ အိမ်ရာများရှိ သွယ်တန်း ထားသည့် လျှပ်စစ် ဝါယာကြိုးများအား အန္တရာယ်မဖြစ်စေရေး စနစ်တကျ သုံးစွဲရန်နှင့် လိုအပ်ချက်များကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိလ္လာကန်အတွင်းသို့ အမှိုက်များ စွန့်ပစ်ခြင်းမပြုရန်၊ မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် နေပြည်တော် စည်ပင် သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်မှသာ ခြင်များပေါက်ဖွားမှုမရှိဘဲ သွေးလွန်တုပ်ကွေးနှင့် အခြားသောရောဂါများ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ကြည်လင် လန်းဆန်းနေမှသာ မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းများလည်း အောင်မြင်မည် ဖြစ်၍ ကျန်းမာရေးကို အလေးထားဂရုပြု နေထိုင်ကြရန် မှာကြားခဲ့ပြီး ဝန်ထမ်း မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ လိုအပ်ချက်များရှိပါက တင်ပြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

source: MOI Webportal