မကွေးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်း၊ စက်ရုံ၊ မွေးမြူရေးဌာနတို့ကို ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

Fri, 08/05/2016 - 12:29 -- Myat Thee

နေပြည်တော် သြဂုတ် ၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင် ၃ဝ ရက် က မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန သို့ သွားရောက်ပြီး လျှပ်စစ်စစ်ဆေး ရေး၊ ဘွိုင်လာစစ်ဆေးရေးနှင့် စက်မှုလုပ်ငန်းများစစ်ဆေးရာတွင် အသုံးပြုသည့် အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းရေးရာကိစ္စရပ်များကို ရှင်း လင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်တွင် အမှန်တကယ် ပြန်လည်အသုံးချနိုင်သည်အထိ သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ရာတွင် စစ်ဆေးပြီးကြောင်း မှတ်သားသည့် အလေ့အကျင့်များရှိရန်နှင့်Safty ၏ အရေးကြီးမှုကို သိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ မော်တော်ယာဉ်ဆိုင်ရာ အခေါ်အဝေါ် အသုံး အနှုန်းများကို Up to Date သိရှိအောင် လေ့လာ၍ ပြန်လည်သင်ကြားပေးစေလိုကြောင်း၊ သင်တန်းနည်းပြ ဆရာ ဆရာမများအနေဖြင့် သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေသလို တစ်ဖက်ကလည်း မိမိတို့၏ အရည် အသွေး ပိုမိုတိုးတက်စေရေး အစဉ်အမြဲ လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ ကျောင်းသားများ၏ တီထွင်စမ်းသပ် မှုများကိုလည်း အသိအမှတ်ပြုချီးမြှင့် ရန်လိုကြောင်း မှာကြားပြီး စာတွေ့ လက်တွေ့ သင်ကြားလေ့ကျင့်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အထက်မင်းလှမြို့နယ် မလွန်မြို့ရှိ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ထုတ်လုပ်သည့် အမှတ် (၁၇) အကြီးစားစက်ရုံ (မလွန်)သို့ ရောက်ရှိရာ ဆန်စက်ငယ်အလုပ်ရုံ တွင် စပါးများ လက်တွေ့ကြိတ်ခွဲနေ သည့် အခြေအနေ၊ စပါးခြွေလှေ့စက် ထုတ်လုပ်မှုအလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ စက်ပစ္စည်း အစိတ်အပိုင်းများထုတ်လုပ်မှုအလုပ်ရုံ၊ ပုံသွင်းနှင့် မာရှိန်ပြောင်း အလုပ်ရုံ၊ ထွန်စက်တပ်ဆင်အလုပ်ရုံနှင့် မြင်းကောင်ရေ ၉ဝ ရှိ ထွန်စက်ဖြင့် လက်တွေ့သရုပ်ပြ ထွန်ယက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄)အထည် စက်ရုံ(ပွင့်ဖြူ)သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ စက်ရုံမှူးက စက်ရုံ ဆိုင်ရာ အချက်အလက်များကိုလည်း ကောင်း၊YOONWADI KYAW Co., Ltd. မန်နေဂျင်းဒါရိုက်တာက အပ်ချည်များ ထုတ်လုပ်မည့် အစီအမံ တို့ကို ရှင်းလင်းတင်ပြသည်။၏

ပြည်ထောင်စုဝန်ကြီးက စက်ရုံ အနေဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲရှိပါက ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း (Public Private Partnership)၊ ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း (Joint Venture)၊ ပုဂ္ဂလိကသို့ နှစ်တို၊ နှစ်ရှည်ငှားရမ်းခြင်း (Lease)နှင့် ပုဂ္ဂလိကသို့အပြီးအပိုင် လွှဲပြောင်း ရောင်းချခြင်း (Privatization) နည်း လမ်းတို့ဖြင့် ဆောင်ရွက်သွားရန်လို ကြောင်း၊ ငွေကြေး၊ အချိန်ထပ်မံ စိုက်ထုတ် ရင်းနှီးမြှုပ်နှံသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းမှုမရှိနိုင်လျှင် အဓိပ္ပာယ်ရှိမည် မဟုတ်ကြောင်း၊ အထည်ထုတ်လုပ်မှုနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေ ရမည်ဖြစ်ကြောင်း၊ မိမိတို့ ထုတ်ကုန် များအား ဈေးကွက်ထိုးဖောက် ရောင်းချနိုင်ရေးအတွက် ဈေးကွက်သုတေသနပြုလုပ်ရန်လိုကြောင်း၊ မိမိ တို့ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်မှုရှိ၊ မရှိကို သုံးစွဲသူပြည်သူက ဆုံးဖြတ်မည် ဖြစ်ကြောင်းမှာကြားပြီး စက်ရုံမှ ထုတ်လုပ်ထားရှိသည့် အဝတ်အထည် များ၊ ပိတ်ကြမ်းများ၊ အပ်ချည်လုံး မျိုးစုံနှင့် စက်ရုံအတွင်း ကုန်ထုတ်လုပ် မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် မြင်းနှင့် သိုး မွေးမြူရေးဌာန(ပွင့်ဖြူ)သို့ ရောက်ရှိပြီး ဌာနတာဝန်ခံက မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် သိုးများမွေးမြူထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြွေဆိပ် ဖြေဆေး ထုတ်လုပ်နိုင်ရေးအတွက် သန်မာပြီး ကျန်းမာရေးကောင်းမွန်သည့် သိုးနှင့် မြင်းများ များစွာလိုအပ် လျက်ရှိကြောင်း၊ ထို့ကြောင့် သိုးများ ကို ယခုထက်ပိုမို၍ မွေးမြူရမည်ဖြစ် ကြောင်း၊ ဌာနရှိ မြေကွက်လပ်များတွင် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးရောင်း ချပြီး မိမိဝင်ငွေဖြင့် ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်ရန် လိုကြောင်း မှာကြားကာ သိုးများ မွေးမြူထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)